နည်းပြအပြောင်းအလဲ လုပ်ရုံနဲ့ ပြသနာအကြောင်းရင်းမှန်ကို ရှာတွေ့နိုင်မှာလား?

ထုတ်ပြန်ပဟလို့သာ အော်လိုက်မိတော့တယ်။ မနေ့က ညမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြ အန်တွန်နီဟေးနဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဆူဇူကီးဖလားမှာ အောင်မြင်အောင် မစွမ်းဆောင်နိုင်တဲ့အတွက် ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။ အန်တွန်နီဟေးကို စာချုပ်ချုပ်တုန်းက ဆူဇူကီးဖလားကို အဓိကထားပြင်ဆင်ပြီး အောင်မြင်မှုရရှိအောင် ရည်ရွယ်ခဲ့တာဖြစ်လို့ ဆူဇူကီးဖလားမှာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လေ့လာသုံးသပ်မှုတွေ ပြုလုပ်ပြီးတဲ့အချိန်မှာ အခုလို နှစ်ဖက် သဘောတူလမ်းခွဲခဲ့တာလို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

အန်တိုနီဟေးက ၂၀၀၃ ခုနှစ်မှာ နည်းပြအဖြစ် စတင်ပြီးတော့ လုပ်ကိုင်ခဲ့တာပါ။ (၁၅)နှစ်အတွင်းမှာ အန်တိုနီဟေး ကိုင်တွယ်ခဲ့တဲ့ အသင်းတွေက မြန်မာအသင်းအပါအ၀င် စုစုပေါင်း (၉)သင်း ရှိပါတယ်။ ဒါပေမယ့် သူကိုယ်တွယ်ခဲ့တဲ့ အသင်းတွေမှာ နှစ်နှစ်ထက် ကျော်လွန်ပြီးတော့ အန်တိုနီဟေး ရှိမနေခဲ့ပါဘူး။ မြန်မာအသင်းကို မကိုင်တွယ်ခင် သူ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ရ၀မ်ဒါအသင်းမှာလည်း အန်တိုနီဟေးက တစ်နှစ်သာ ကိုင်တွယ်ခဲ့ရတာပါ။ မြန်မာအသင်းကို အန်တိုနီဟေးက မေလမှာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း (၇)လ တာဝန်ယူကိုင်တွယ်အပြီးမှာ သူ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြန်ပါပြီ။

မြန်မာ့ဘောလုံးလောကအတွက်တော့ နည်းပြတစ်ယောက် ထုတ်ပယ်ခံရတာ၊ လမ်းခွဲတာတွေက သိပ်တော့မဆန်းတော့ပါဘူး။ ပြိုင်ပွဲတစ်ခုပြီးတိုင်း ပြီးတိုင်းမှာ နည်းပြအပြောင်းအလဲတွေက အမြဲတမ်းလိုလို ဖြစ်နေကျတော့ ပရိသတ်တွေကအစ ရိုးအီနေခဲ့တာ ကြာပါပြီ။ အန်တွန်နီဟေးကို ထုတ်ပယ်တဲ့ သတင်းထွက်ပေါ်လာအပြီးမှာတော့ ပရိသတ်တချို့ရဲ့ တုံ့ပြန်မှုတွေက ရှိလာခဲ့ပါတယ်။ မအောင်မြင်တိုင်း နည်းပြကို ထုတ်နေတော့မှာလား၊ ပြိုင်ပွဲနားနီးမှ နည်းပြခန့်၊ သွားပြိုင်၊ မအောင်မြင်ရင် နည်းပြနဲ့လမ်းခွဲ၊ နည်းပြသစ်ပြန်ခန့်၊ သွားပြိုင်၊ မအောင်မြင် ဒီလိုနဲ့ပဲ သံသရာလည်နေတော့မှာလားလို့ ဝေဖန်လာကြပါတယ်။

တကယ်တမ်းတွေးကြည့်ရင်လည်း အဲဒီလို ဖြစ်နေပါတယ်။ အခုနောက်ပိုင်း လက်ရွေးစင်နည်းပြရာထူးက တည်ငြိမ်မှုမရှိတော့သလောက်ပါပဲ။ ပြိုင်ပွဲမရှိခင်ကြားကာလမှာ ပြည်တွင်းနည်းပြတွေကို ယာယီဦးဆောင်ခိုင်းပြီး ပြိုင်ပွဲမတိုင်ခင် (၃)လ၊ (၄)လလောက်အလိုမှာ နည်းပြသစ် အပူတပြင်းရှာဖွေပြီးလေ့ကျင့်ပြင်ဆင်ပြီး ပြိုင်ပွဲဝင်ကစား၊ မအောင်မြင်လာတော့ နည်းပြနဲ့ လမ်းခွဲဆိုတာမျိုးတွေပဲ ဖြစ်နေပါတယ်။ နည်းပြနဲ့လမ်းခွဲတာ၊ နည်းပြသစ်ခန့်အပ်တာနဲ့ပဲ အဖြေရှာတွေ့မှာလားလို့ ပရိသတ်တွေက မေးလာကြပါပြီ။ ဒီအတွက် အဖြေက ဘာလဲဆိုတာကို အခုထိလည်း ရှာဖွေလို့မရတာကလည်း တကယ့်အမှန်တရားပါပဲ။

အစစအရာရာ လိုအပ်ချက်တွေ ရှိနေတဲ့ ဘောလုံးလောကမှာ နည်းပြတွေကိုပဲ စတေးပြီးတော့ အဖြေရှာနေခဲ့တဲ့ အချိန်တွေကလည်း တော်တော်လေးကြာမြင့်လာခဲ့ပါပြီ။ ဒီလိုပြောလို့ နည်းပြကို ဇွတ်ကြီးအတင်းခန့်အပ်ရမယ်လို့ ထင်သွားမှာလည်း စိုးတယ်။ အဲဒီလိုမဟုတ်ပါဘူး။ အဓိက လိုအပ်ချက်တွေကို ရအောင်ရှာ၊ အားနည်းချက်တွေကို ပြုပြင်ဖို့ ပြောချင်တာပါ။ အခုက အဓိကအဖြေကို မတွေ့ပဲနဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖြေကိုပဲ အမှန်ခြစ် ခြစ်လိုက်သလို ဖြစ်နေတယ်လို့ ယူဆမိလို့ပါ။ နည်းပြအပြောင်းအလဲဆိုတာ လိုအပ်လာပြီဆိုရင် မလွဲမသွေ လုပ်ရမယ့် အလုပ်ပါ။ ဒါပေမယ့် အမြဲတမ်း နည်းပြကိုပဲ အပြောင်းအလဲလုပ်နေတော့မှာလား။ တခြား ဖြစ်နိုင်တဲ့ ပြသနာတွေ၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို လေးလေးနက်နက် စဉ်းစားပြီး အဖြေရှာသင့်နေပါပြီ။

စီမံခန့်ခွဲမှုတွေ အားနည်းနေတာလား၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နိမ့်ကျမှု၊ မျိုးဆက်သစ်ကစားသမားတွေ ရှားပါးနေတာလား အစရှိတဲ့ အခြေခံလိုအပ်ချက်၊ အားနည်းချက်တွေကို ပိုပြီးတော့ ဦးစားပေးသင့်နေပါပြီ။ နိုင်ငံအသင်းတစ်သင်းကို လူမျိုးခြားနည်းပြတစ်ဦးက ကိုင်တွယ်ရာမှာ တခဏအတွင်းနဲ့ နတ်ရေကန်ထဲ ပစ်ချသလိုတော့ ဘွားခနဲထွန်းတောက်လာမှာတော့ မဟုတ်ပါဘူး။ ကစားသမားတွေနဲ့နည်းပြကြား နားလည်မှု၊ ကစားသမားအထာ၊ နည်းပြအထာကို တစ်ဖက်နဲ့တစ်ဖက်ကြား နားလည်လာဖို့၊ ကစားသမားတစ်ဦးချင်းစီရဲ့ အခြေအနေကို အပ်ချမတ်ချသိဖို့အတွက် အချိန်ကလည်း လိုပါသေးတယ်။ ဒါတွေကို ခဏလေးအတွင်းမှာ အကုန်အစင်သိဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ထိုက်သင့်တဲ့အချိန်တော့ ပေးရပါလိမ့်မယ်။ ဒီအတွက် လိုအပ်တာတွေကို မှန်မှန်ကန်ကန်နဲ့ ထောက်ပံ့ပေးနိုင်မှု၊ ကူညီမှုတွေလည်း အရေးကြီးပါတယ်။

အဓိက ပင်မပြသနာကို အဖြေမရှာနိုင်သေးသရွေ့တော့ မြန်မာအသင်းက အခုလိုပဲ လုံးလည်ချာလည်လိုက်နေဦးမှာပါပဲ။ နည်းပြသစ်လာ၊ လေ့ကျင့်ပြင်ဆင်၊ သွားပြိုင်၊ မအောင်မြင်၊ အသင်းနဲ့ လမ်းခွဲ ဆိုတဲ့ အကြောင်းအရာတွေပဲ အက်ကြောင်းထပ်နေဦးမှာပါ။ ဒီအတွက် ဘောလုံးလောကအတွက် အရေးအကြီးဆုံး ပြသနာကို အမြန်ဆုံးရှာဖွေနိုင်ပြီး ပြင်ဆင်ဖြည့်ဆည်းပေးနိုင်ပါစေလို့သာ မျှော်လင့်မိပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *