ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ ဇွန် ၁၁

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ဖွယ်ရှိသည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း အဆိုပါပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က The Voice Journal သို့ ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်ခုခုမှ ဝင်ရောက်အရွေးခံမည်မှာ သေချာသော်လည်း မဲဆန္ဒနယ်အတိအကျကိုမူ ပြောရန် အချိန်စောသေးသည်ဟု ၎င်းကဆိုသည်။

“ပါတီဥက္ကဋ္ဌကြီးကတော့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သင့်လျော်တဲ့ နေရာကနေ ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။ မဲဆန္ဒနယ်ကတော့ ပြောလို့မရသေးပါဘူးဗျ။ ရွေးကောက်ပွဲနီးလာရင်တော့ ကျွန်တော်တို့ ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြိုင်ဘက် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

ဦးသန်းဌေးသည် ၂၀၁၁ မတ်လ မှ ၂၀၁၃ ဇူလိုင်လအထိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် ဩဂုတ်လအထိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး အဆိုပါကာလမတိုင်မီ တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အနားယူခဲ့သူလည်းဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက အငြိမ်းစားသမ္မတ ဦးသိန်းစိန်မှာမူ ကျန်းမာရေးအခြေအနေ နှင့် ၎င်း၏ဆန္ဒအရ ၂၀၂၀ ရွေးကောက်ပွဲ ဝင်မည်မဟုတ်သော်လည်း ပါတီဝင်များသည် ပါတီအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ဝိုင်းဝန်းပံ့ပိုးပေးမည်ရမည် ဟူသည့် ခံယူချက်ရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကဆိုသည်။The Voice Journal

Leave a Reply

Your email address will not be published. Required fields are marked *