တိတိကျကျ အသက်ဝင်လာတော့မည့် ယူနီကုဒ်

ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ကွန်ပျူတာသုံး မြန်မာစာစနစ်နှင့်ပတ်သက်ပြီး ပညာရှင်များအကြား အငြင်းပွားနေခဲ့သည်မှာ နှစ်များစွာရှိပြီဖြစ်ကာ တိကျသည့် စံသတ်မှတ်မှုတစ်ခုကို ယနေ့ထိချမှတ်နိုင်ခြင်း မရှိသေးပေ။
သို့သော် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသားစံချိန်စံညွှန်းကောင်စီက ထိုမတိကျမှုတွေ အားလုံးအတွက် အံ့အားသင့်ဖွယ် ထုတ်ပြန်ချက်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။ထိုအရာသည် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ် (Unicode Standard, ISO 10646) ကို တစ်ပြေးညီအသုံးပြုကြရန် ထုတ်ပြန်ချက်ပင်ဖြစ်သည်။

ထိုထုတ်ပြန်ကြေညာချက်မတိုင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အစိုးရရုံးများတွင် ယူနီကုဒ်စနစ်ကို လိုက်နာသော ကွန်ပျူတာသုံး မြန်မာစာစနစ်အဖြစ် ပြည်ထောင်စုဖောင့် (Pyidaungsu Font ) ကို ပြောင်းလဲအသုံးပြုရန် တိုက်တွန်းပြောကြားခဲ့ပြီး အတည်ပြု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဖောင့်သည် Myanmar 3 ကိုအဆင့်မြှင့်ထားသည့် ဖောင့်ဖြစ်ပြီး အသုံးပြုမှုတွင်ကျယ်လာပါက တိုင်းရင်းသား ဘာသာစကားများကိုပါ ထည့်သွင်းအသုံးပြုလာနိုင်မည်ဖြစ်ပြီးE-Government စနစ် ပိုကောင်းစွာ လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သည့် E-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး၌ စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ယူနီကုဒ်ကို ကွန်ပျူတာသုံး မြန်မာစာစနစ်အဖြစ် အောက်တိုဘာ ၁ ရက်တွင် စတင် အသုံးပြုမည်ဟု ဆုံးဖြတ်ကြေညာခဲ့သည်။ထိုဆုံးဖြတ်ချက်သည် နိုင်ငံတော်အဆင့်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၊ တယ်လီကွန်းကုမ္ပဏီများ၊ ဟန်းဆက်ကုမ္ပဏီများ၊ ဘဏ်များနှင့် သတင်းမီဒီယာ စသည့် အဖွဲ့အစည်းအားလုံးထံ အကြောင်းကြား ထုတ်ပြန်ခဲ့သည်။

ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်သည် သတင်းအချက်အလက်များကို စနစ်တကျ သိမ်းဆည်းနိုင်ခြင်း၊ တိကျလွယ်ကူစွာ ပြန်လည်ရှာဖွေနိုင်ခြင်း၊ မြန်မာစာစနစ်အတိုင်း အလွယ်တကူ အက္ခရာစဉ်နိုင်ခြင်း၊ ဘာသာပြန်ဆိုမှု အဆင်ပြေချောမွေ့ခြင်း၊ မြန်မာဘာသာစကားကို ကွန်ပျူတာစနစ်တွင် အပြည့်အဝအသုံးချနိုင်ခြင်း၊ တိုင်းရင်းသား ဘာသာစကားများကို အလွယ်တကူ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်ကို စံချိန်စံညွှန်းအဖြစ်ပြောင်းလဲအသုံးပြုရခြင်းဖြစ်ကြောင်း အမျိုးသားစံချိန်စံညွှန်း ကော်မတီဝင် ပညာရှင်များက ပြောကြားခဲ့သည်။

”အားလုံးပြောင်းတဲ့အချိန်မှာ ပြောင်းလဲဖို့လိုမယ်။ မပြောင်းတဲ့သူကတော့ အဲဒီအကျိုးဆက်ကို ခံစားရမှာ ပေါ့။ မြန်မာနိုင်ငံမှာက အမှားနဲ့စခဲ့တော့ပြောင်းလဲဖို့ကို တော်တော်လုပ်ရမယ်။ ဒါပေမဲ့ ပြောင်းလဲပြီးနှစ်လ လောက်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ”ဟုမြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဌဦးထွန်းသူရသက်က ပြောသည်။ယူနီကုဒ်သည် ကမ္ဘာတွင်အသုံးပြုနေသည့်စကားလုံးအားလုံး၏ အက္ခရာတစ်လုံးချင်းစီအတွက် တိကျသော နံပါတ်တစ်ခုကို သတ်မှတ်ပေးထားသည့် ဘုံစနစ်ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည့် ဒစ်ဂျစ်တယ်သုံး မြန်မာစာ ယူနီကုဒ်စနစ်ကို နှစ်ပေါင်း ၂ဝ အကြာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်မြန်မာနိုင်ငံ စံချိန်စံညွှန်းအဖြစ် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ယူနီကုတ် အသုံးပြုရာတွင် စာရေးသည့် လက်ရေးမူအတိုင်း ရိုက်နှိပ်ရခြင်းကြောင့် စားလုံးပေါင်း သတ်ပုံမှန်ကန်ခြင်းအပြင် စာလုံးအထားအသိုများပါ မှန်ကန်မှုရှိလာမည်ဟု ကွန်ပျူတာပညာရှင် ဦးဇော်ထွဋ်က ပြောသည်။

”အရင်တည်းက ကွန်ပျူတာတွေမှာယူနီကုဒ်ဆိုတာပါလာပြီးသား။ ဒါကိုဖျက်ပြီးတော့သုံးကြတယ်။ အခက် အခဲရှိတယ်ဆိုတာ ပြောင်းပြီးတော့ မသုံးကြသေးလို့ပါ။ အားလုံးပြောင်းလဲရင် ကောင်းကျိုးအများကြီးရှိတယ် ဆိုတာ သိလာမှာပါ” ဟု ၎င်းကပြောသည်။အာရှ အပါအဝင် အာဆီယံဒေသတွင်း စံသတ်မှတ်ချက်နှင့်မကိုက်ညီသည့် ဖောင့်ကို အသုံးပြုနေသည်မှာ မြန်မာနိုင်ငံတစ်ခုတည်းသာဖြစ်ပြီး ပြည်တွင်း၌ ဇော်ဂျီဖောင့်သည် အသုံးအများဆုံးဖောင့်ဖြစ်သည်။

လာအိုနှင့်ကမ္ဘောဒီယားနိုင်ငံတို့တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ယူနီကုဒ်စနစ်ကိုပြောင်းလဲ အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း ယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုရန် နောက်ဆုံးကျန်ရှိသည့် နိုင်ငံလည်းဖြစ်သည်။ယူနီကုတ်စနစ်ကို တစ်ပြေးညီ ပြောင်းလဲ အသုံးပြုရန် အခက်ခဲများ ရှိသော်လည်း လက်ရှိအခြေအနေတွင် ပြောင်းလဲအသုံးမပြုပါကနောက်ပိုင်းတွင်ပြောင်းလဲရန် ပိုမိုအခက်အခဲရှိနိုင်သည်ဟု ဦးထွန်းသူရသက်က ပြောသည်။

စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကွန်ပျူတာသုံး မြန်မာစာစနစ် ပြောင်းလဲအသုံးပြုမှုတွင် ဆက်သွယ်ရေး အော်ပရေတာများ၊ ဘဏ်များနှင့်မီဒီယာလုပ်ငန်းများ အဓိကပါဝင်ခဲ့သည်။ဆက်သွယ်ရေးအော်ပရေတာများသည် ၎င်းတို့၏ စာတိုဝန်ဆောင်မှုများကို ဇော်ဂျီဖောင့်အသုံးပြုရာမှာ ယူနီကုဒ်ပြောင်းလဲအသုံးပြုရန် အသိပေးမှုစတင်နေပြီဖြစ်သလို ပြောင်းလဲအသုံးပြုနိုင်ရန် စမ်းသပ်မှုများပြုလုပ်နေပြီဖြစ်သည်။

ပြောင်းလဲရာတွင် အားလုံးပြောင်းလဲ အသုံးပြုပါက အသုံးပြုမည်ဖြစ်ပြီး မိမိတို့တစ်ဦးတည်း ပြောင်းလဲရန် အဆင်မပြေကြောင်း မိုင်တဲလ် ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။ယူနီကုဒ်စနစ်ပြောင်းလဲမှုကို လက်ခံသူတချို့သည် ယူနီကုဒ်ကိုစတင်ပြောင်းလဲ အသုံးပြုလာကြသလို မီဒီယာလုပ်ငန်းတချို့၏ သတင်းတင်ဆက်မှုများတွင်လည်း ယူနီကုဒ်ကို အသုံးပြုဖော်ပြလာကြသည်။အမျိုးသားစံချိန်စံညွှန်းကော်မတီက စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့်ယူနီကုဒ်ကို အသုံးပြုမည်ဆိုပါက လက်ရေးမူကို ဒစ်ဂျစ်တယ်စာသားအဖြစ် ပြောင်းလဲနိုင်ခြင်း၊ အသံဖြင့် ပြောဆိုမှုကို ဒစ်ဂျစ်တယ်စာသားအဖြစ် ပြောင်းလဲနိုင်ခြင်းအပြင် အခြားသောကဏ္ဍများတွင် ပိုမိုကောင်းမွန်လာနိုင်မည်ဟုဆိုသည်။

ယူနီကုဒ်စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ဖောင့်များကို အသုံးပြုခြင်းသည် ကိုယ်ပိုင်အကောင့်လုံခြုံရေးကို အားနည်းစေသလိုအကောင့် ဟက်ခံရခြင်းနှင့် အန္တရာယ်ရှိသည့်အကြောင်းအရာများကို သတင်းပေး ဖယ်ရှားရာတွင် အခက်အခဲဖြစ်စေသည်ဟု ဖေ့စ်ဘွတ်ခ်က ယခုနှစ်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

”ကျွန်တော်ကတော့ ယူနီကုဒ် ပြောင်းလဲအသုံးပြုရမယ်ဆို လက်ခံကြိုဆိုတယ်။ ယူနီကုဒ် အသုံးပြုရတာ ဇော်ဂျီထက်ပိုလွယ်တယ်။ သူ့မှာကရွေးချယ်စရာအများကြီးမရှိဘူး။ သုံးရတာပိုအဆင်ပြေတယ်”ဟု ယူနီကုဒ် အသုံးပြုနေသူ ကွန်ပျူတာပညာရှင်တစ်ဦးက ပြောသည်။ဇော်ဂျီဖောင့်ကို အသုံးပြုနေသည်မှာ ကြာမြင့်နေပြီမို့ ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုပါက အဆင်မပြေမှုများ ရှိလာနိုင်သည့်အတွက် ပြောင်းလဲအသုံးပြုရန် မစဉ်းစားမိကြောင်း၊ အားလုံးလက်ခံ အသုံးပြုမည်ဆိုပါက အသုံးပြုရမည်ပင်ဖြစ်ကြောင်း ကုမ္ပဏီတစ်ခု၌ စာစီစာရိုက်လုပ်ကိုင်နေသူ မအိငယ်ကပြောသည်။

ယူနီကုဒ်သည် ဖောင့်မဟုတ်ဘဲ စံသတ်မှတ်ချက်ဖြစ်ပြီး ပြည်ထောင်စုဖောင့်အပါအဝင် စံသတ်မှတ်ချက်ကို လိုက်နာဖန်တီးထားသည့် မြန်မာစာဖောင့်အရေအတွက် ၁ဝဝ ရှိပြီး ရိုက်နှိပ်ရန်ဖန်တီး ထားသည့် လက်ကွက်ပေါင်းများစွာ ရှိသည်။ထိုယူနီကုဒ်သည် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကွန်ပျူတာသုံး မြန်မာစာစနစ်အဖြစ် ယခုနှစ် အောက်တိုဘာ ၁ ရက်တွင် တိတိကျကျ အသက်ဝင်လာတော့မည်ဖြစ်သည်။ ထိုအပြောင်းအလဲသည် နှစ်ပေါင်းများစွာ စံသတ်မှတ်ချက်မရှိသော ကွန်ပျူတာသုံး မြန်မာစာစနစ်ဖြင့် ကျင်လည်ခဲ့သည့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် ခဏတာ အခက်အခဲဖြစ်လာနိုင်သော်လည်း ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် အားလုံးပူးပေါင်းရမည်ဟု ဦးထွန်းသူရသက်က ပြောသည်။ 
MMtimes

Leave a Reply

Your email address will not be published. Required fields are marked *