နိုင်ငံအတွင်း နေထိုင်သူများအားလုံးကို လူဦးရေမှတ်ပုံတင်ရန် အတိုးမဲ့ချေးငွေ ယူရို (၃၃)သန်း ရယူမည်

မြန်မာနိုင်ငံအတွင်း နေထိုင်သူများအားလုံးကို လူဦးရေမှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေယူရို ၃၃သန်း ချေးယူရန်အတွက် မေ ၂၉ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက”လူတစ်ဦးတည်းက နိုင်ငံသားနံပါတ်မတူတဲ့ ကဒ်ပြားများကိုင်တာ နိုင်ငံသားနံပါတ်တစ်ခုတည်းကိုပဲ လူနှစ်ဦးထပ်တာ စတဲ့အားနည်းချက်တွေကိုလည်း ကုစားနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံအတွင်းမှာ နေထိုင်သူအားလုံးကို စာရင်းသွင်းမှာဖြစ်တဲ့အတွက် နောက်ထပ် တရားမ၀င်ဝင်ရောက်သူများကို ထိထိရောက်ရောက် စိစစ်ဖော်ထုတ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟုပြောသည်။

အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းအတွက် သြစတြီးယားနိုင်ငံ၊ Unicredit Bankထံမှ အတိုးမဲ့ချေးငွေ ယူရို ၃၃သန်း ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စီမံကိန်းကာလကို ချေးငွေစာချုပ်ချုပ်ဆိုပြီးသည့် နောက် ၂ နှစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှာ နိုင်ငံအတွင်းနေထိုင်သူများအားလုံးကိုမှတ်ပုံတင်ခြင်းဖြစ်ပြီး နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သက်ဆိုင်မှု လုံးဝမရှိကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတစ်ခုစီ သတ်မှတ်ပေးနိုင်ရန်ဖြစ်ကြောင်း ဦးသိန်းဆွေက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ထောက်အထားကို အသုံးပြုပြီး လူမှုကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန်၊ အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး နေ့စဉ်ဆောင်ရွက်ရသော လုပ်ငန်းကိစ္စရပ်များတွင် အဓိကအသုံးပြုသွားနိုင်မည်ဟုလည်း ၎င်းကပြောသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် နိုင်ငံအတွင်းနေထိုင်သူ တစ်ဦးချင်းစီ၏ Biometric Dataဖြစ်သည့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံစသည့် ကိုယ်ရေးအချက်အလက်များကို ကောက်ယူမည်ဖြစ်ပြီး နိုင်ငံအတွင်း နေထိုင်ကြောင်း ခိုင်လုံသည့် အထောက်အထားပြနိုင်သူတိုင်းကို မွေးသည့်အချိန်မှစ၍ မှတ်ပုံတင်မည်ဖြစ်ကြောင်း သိရသည်။

ဦးသိန်းဆွေက”အကယ်၍ အထောက်အထားမတင်ပြနိုင်ရင်လည်းပဲ သက်ဆိုင်ရာ ဒေသအာဏာပိုင် သို့မဟုတ် ရပ်မိရပ်ဖများမှ ဒီနေရာမှာ နေထိုင်တာမှန်ကန်ကြောင်း ထောက်ခံချက်ပေးရမှာဖြစ်ပါတယ်”ဟုဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး တွက်ချက်ထားသည့် ၂၀၂၀ပြည့်နှစ် ခန့်မှန်းချေလူဦး‌
ရေစာရင်းကို အခြေခံ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးအရ ဆောင်ရွက်မပေးနိုင်တဲ့နေရာတွေမှာ မကောက်ယူနိုင်တဲ့ကိစ္စတွေကိုတော့ လတ်တလောအဲ့ဒီနယ်မြေတွေမှာ ချန်လှပ်ထားမှာဖြစ်ပါတယ်။ သို့ရာတွင် လုံခြုံရေးရရှိတဲ့အချိန်မှာ ဆက်လက်ပြီး ကောက်ယူသွားမှာဖြစ်ပါတယ်”ဟု ဦးသိန်းဆွေကဆိုသည်။

ထို့အပြင် နိုင်ငံခြားသားများ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ရှိသူများ၊ ဗီဇာနှင့် ၀င်ရောက်လာပြီး ရက်ပေါင်း ၉၀နေထိုင်သဖြင့် နိုင်ငံခြားသားမှတ်ပုံတင်ကိုင်ဆောင်သူများအားလုံးကိုလည်း စာရင်းကောက်မည်ဖြစ်ကြောင်း ဦးသိန်းဆွေ ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *